badboy007
Would you like to react to this message? Create an account in a few clicks or log in to continue.

ချမ်းချမ်းသာသာအိပ်စက်အနားယူလိုပါသလား

Go down

ချမ်းချမ်းသာသာအိပ်စက်အနားယူလိုပါသလား Empty ချမ်းချမ်းသာသာအိပ်စက်အနားယူလိုပါသလား

Post  Admin Wed Mar 10, 2010 8:47 am

(အင်္ဂုတ္တရနိကာယ၊ တိကနိပါတပါဠိတော်၊ ဒေဝဒူတဝဂ်၊ ဟတ္ထကသုတ္တန် မြန်မာပြန်)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠ၀ီပြည် နွားတို့သွားရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ ဟတ္ထကအာဠ၀ကမင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ခဲ့ရာ နွားတို့သွားရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကိုမြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ချည်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးပြီး၍ တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအားဤစကားကို လျှောက်၏။
အရှင်ဘုရား အသို့နည်း မြတ်စွာဘုရားသည် ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော ဟုလျှောက်၏။

မင်းသား ငါသည် ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ မင်းသား လောက၌ ချမ်းသာစွာအိပ်စက်ကြရသော သူတို့တွင် ငါသည်လည်း တစ်ဦးအပါအ၀င်ဖြစ်၏ ဟု မိန့်တော်မူ၏။

အရှင်ဘုရား ဆောင်းရာသီ ညဥ့်ဖြစ်၍ ချမ်းအေးလှပါ၏၊ တပိုတွဲလနှင့်တပေါင်းလအကူး ကြားရှစ်ရက်သည် ဆီးနှင်းများကျသောအခါဖြစ်ပါ၏။ မြေပြင်သည်နွားခွါရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။သစ်ရွက်အခင်းလည်း ပါးလှပါ၏၊ သစ်ပင်ပေါ်မှ သစ်ရွက်တို့လည်း ကျဲလှပါကုန်၏။ သင်္ကန်းတော်များလည်းအေးလှပါကုန်၏၊ အရပ်လေးမျက်နှာမှ လာသော အေးသောလေသည်လည်း တိုက်ခတ်နေပါသည်။ ထိုသို့ဖြစ်ပါလျှက် မင်းသားငါသည် ချမ်းချမ်းသာသာကျိန်းစက်ရ၏၊ လောက၌ ချမ်းသာစွာအိပ်စက်ကြရသော သူတို့တွင် ငါသည်လည်း တစ်ဦးအပါအ၀င်ဖြစ်၏ ဟုဤစကားကို မိန့်ဆိုတော်မူနိုင်ပေ၏ဟု လျှောက်၏။

မင်းသား သို့ဖြစ်လျှင်ဤအရာ၌ သင့်ကိုပြန်မေးအံ့၊ သင်သဘောကျအတိုင်းသာ ဖြေဆိုလော့၊ မင်းသား ထိုစကားကို သင်မည်သို့ မှတ်ထင်သနည်း၊

ဤလောက၌ သူကြွယ်အားလည်းကောင်း သူကြွယ်သားအားလည်းကောင်း လေလုံသော အတွင်းအပြင်အင်္ဂတေလိမ်းကျံအပ်သော စေ့စပ်သောတံခါးပေါင်တံခါးရွက်ရှိသော လုံသောလေသာပြတင်းရှိသော အထွဋ်တပ်သော အိမ်ကြီး အိမ်ကောင်းသည် ရှိရာ၏။ ထိုအိမ်၌ အမွှေးရှည်သော ကော်ဇောကြီးဖြင့် ခင်းထားအပ်သော၊ သားမွေးဖြူအခင်းဖြင့် ခင်းထားအပ်သော၊ ရတနာစီချယ်သောအခင်းဖြင့် ခင်းထားအပ်သော၊ မြတ်သောဝံပိုင်ရေအခင်းဖြင့်ခင်းထားအပ်သော မျက်နှာကြက်နှင့်တကွ ဖြစ်သော အုံးနီနှစ်ဘက်ထားအပ်သောပလ္လင်သည် ရှိရာ၏။ ထိုတိုက်အိမ်ကြီး၌ ဆီမီးကိုလည်း ထွန်းထားရာ၏။ စိတ်နှလုံးကို နှစ်ခြိုက်စေနိုင်ကုန်သော လေးယောက်သောမယားတို့သည်လည်း နှစ်ခြိုက်ဖွယ်အမျိုးမျိုးတို့ဖြင့် ပြုစုလုပ်ကျွေးကုန်ရာ၏။

မင်းသား ထိုအရာကို သင်မည်သို့မှတ်ထင်သနည်း၊ ထိုသူကြွယ်သည် ချမ်းသာစွာ အိပ်စက်ရသလော၊ ချမ်းသာစွာ မအိပ်စက်ရသလော၊ ဤအရာ၌ သင်မည်သို့သဘောရသနည်းဟု မေးတော်မူ၏။

အရှင်ဘုရား ထိုသူကြွယ်သသည် ချမ်းချမ်းသာသာ အိပ်စက်ရပါ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ကုန်သောသူတို့တွင် ထိုသူကြွယ်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ရာပါ၏ဟုလျှောက်၏။

မင်းသား ထိုစကားကို သင်မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အား လည်းကောင်း သူကြွယ်သားအားလည်းကောင်း ရာဂကြောင့်ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ ရာဂကြောင့် ဖြစ်ကုန်သော အကြင်ပူလောင်ခြင်းတို့ဖြင့် ပူလောင်သောထိုသူသည် ဆင်းရဲစွာအိပ်ရသည်မဟုတ်လောဟု မေးတော်မူ၏။

အရှင်ဘုရား ဆင်းရဲစွာအိပ်ရသည် မှန်ပါ၏ဟုလျှောက်၏။

မင်းသားရာဂကြောင့် ဖြစ်ကုန်သော အကြင်ပူလောင်ခြင်းတို့ဖြင့်ပူလောင်သော သူကြွယ်သည်လည်းကောင်း သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာအိပ်ရ၏။ ထိုရာဂကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏။ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏။ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏။ နောင်အခါဖြစ်ပေါ်ခြင်း သဘောမရှိ၊ ထို့ကြောင့် ငါသည်ချမ်းသာစွာ ကျိန်းစက်ရ၏။

မင်းသား ထိုစကားကို သင်မည်သို့မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း သူကြွယ်သားအားလည်းကောင်း ဒေါသကြောင့်ဖြစ်ကုန်သော ကိုယ်၌ဖြစ်သောပူလောင်ခြင်း စိတ်၌ဖြစ်သောပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ ဒေါသကြောင့် ဖြစ်ကုန်သော အကြင်ပူလောင်ခြင်းတို့ဖြင့် ပူလောင်သောထိုသူသည် ဆင်းရဲစွာအိပ်ရသည်မဟုတ်လောဟု မေးတော်မူ၏။

အရှင်ဘုရား ဆင်းရဲစွာအိပ်ရသည် မှန်ပါ၏ဟုလျှောက်၏။

မင်းသားဒေါသကြောင့် ဖြစ်ကုန်သော အကြင်ပူလောင်ခြင်းတို့ဖြင့်ပူလောင်သော သူကြွယ်သည်လည်းကောင်း သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာအိပ်ရ၏။

ထိုဒေါသကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏။ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏။ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏။ နောင်အခါဖြစ်ပေါ်ခြင်း သဘောမရှိ၊ ထို့ကြောင့် ငါသည်ချမ်းသာစွာ ကျိန်းစက်ရ၏။

မင်းသား ထိုစကားကို သင်မည်သို့မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း သူကြွယ်သားအားလည်းကောင်း မောဟကြောင့်ဖြစ်ကုန်သော ကိုယ်၌ဖြစ်သောပူလောင်ခြင်း စိတ်၌ဖြစ်သောပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ မောဟကြောင့် ဖြစ်ကုန်သော အကြင်ပူလောင်ခြင်းတို့ဖြင့် ပူလောင်သောထိုသူသည် ဆင်းရဲစွာအိပ်ရသည်မဟုတ်လောဟု မေးတော်မူ၏။

အရှင်ဘုရား ဆင်းရဲစွာအိပ်ရသည် မှန်ပါ၏ဟုလျှောက်၏။

မင်းသားမောဟကြောင့် ဖြစ်ကုန်သော အကြင်ပူလောင်ခြင်းတို့ဖြင့်ပူလောင်သော သူကြွယ်သည်လည်းကောင်း သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာအိပ်ရ၏။

ထိုမောဟကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏။ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏။ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏။ နောင်အခါဖြစ်ပေါ်ခြင်း သဘောမရှိ၊ ထို့ကြောင့် ငါသည်ချမ်းသာစွာ ကျိန်းစက်ရ၏။

မကောင်းမှုကို အပပြုပြီးသော၊ ကိလေသာပရိနိဗ္ဗာန်ပြုပြီးသော၊ ကိလေသာမရှိသဖြင့် ငြိမ်းအေးသော၊ ကိလေသာဥပဓိမရှိသော အကြင်ရဟန္တာပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ မလိမ်းကျံ။
ထိုရဟန္တာပုဂ္ဂိုလ်သည် အခါခပ်သိမ်း စင်စစ်ချမ်းသာစွာ အိပ်ရ၏။

အလုံးစုံသော တဏှာတို့ကို ပယ်ဖြတ်၍ စိတ်နှလုံး၌ ပူလောင်ခြင်းကို ငြိမ်းအေးစေပြီး၍ ငြိမ်းအေးသောရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ စိတ်ဖြင့် ရောက်၍ ချမ်းသာစွာ ကျိန်းစက်ရ၏ ဟု မိန့်တော်မူ၏။

Admin
Admin

Posts : 28
Join date : 2009-11-19

https://badboy007.board-directory.net

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum