badboy007
Would you like to react to this message? Create an account in a few clicks or log in to continue.

အာရှတိုက်ရဲ့တစ်နေရာ

Go down

အာရှတိုက်ရဲ့တစ်နေရာ Empty အာရှတိုက်ရဲ့တစ်နေရာ

Post  Admin Mon Mar 08, 2010 2:00 pm


အမှန်တစ်ကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ(၆၀)ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက်ရှစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ဆဋ္ဌမမြောက်တိုက် အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
(နှစ်ယောက်ကညီအစ်ကို)
ဘင်္ဂလားဒေ့လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုရ်အမ်ကျမ်း၊ ရော့ခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ိုင်ယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တစ်အိုးတစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဗူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန်မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံ ခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
`ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ` လို့
ဘင်္ဂလားဒေ့လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ် အမောတွေထမ်းပြီး ပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာ နိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေညင်းနံ့သင်းတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုနားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူနဲ့ တရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ။

(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာ ဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
မေးခွန်းတွေထုတ်ရင်း ကြေကွဲရပြန်
တရားမ၀င်အလုပ်သမားတဲ့
အာရှကျားတွေထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန် ၊ ဥရောပနဲ့ အမေရိကကို
မျက်စပစ်နေလေရဲ့။

(၄)
ပြည်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာစက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္ပဏီတစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ဘ၀ဟာ ဘာမှမသေချာလှ
အဲဒီလိုမသေချာမှုတွေထဲကပဲ
သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲမဟုတ်လား
(၀ဋ်ကြွေးလည်းဖြစ်နိုင်ရဲ့)
ခုမှ ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ မြင်ရရုံပဲရှိသေးတယ်
တစ်ခါတစ်လေ
နံရံပေါ်က ကမ္ဘာမြေပုံကိုကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကိုမဟုတ်ဘူး
ဟာဒ်ရော့ခ်ကဖေးကိုမဟုတ်ဘူး
နိုင်ငံကူးလက်မှတ်လို့အမည်ရတဲ့
ဝီစကီပုလင်းလှလှကိုမဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုး ဆိုတဲ့ ရုပ်ရှင်မင်းသမီးကိုမဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ချစ်စရာကောင်းတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ ကမ်းခြေက
ငါ့ရဲ့ခြေတံရှည် အိမ်လေးကိုပါ။

(၅)
အမျိုးသားက နိုင်ငံခြားမှာလေ---ဆိုပြီး
ရပ်ကွက်ထဲမှာ
တစ်ချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကိုခွဲခွါခဲ့
သူငယ်ချင်းနဲ့ တိုင်းပြည်ကိုခွဲခွါခဲ့
အဲဒီအတွက် ရမယ့်ဆုလာဘ်ဟာ
စင်္ကပူကြိမ်ဒဏ်မျိုးတော့မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်ကနေ့တွေကို ရေတွက်ရင်း
လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်လို့ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့----------

(၆)
ခုတော့
အာရှကျားတွေရဲ့ပါးစပ်ထဲက
အမည်းသားတစ်ဖတ်
သွားကြာညပ်ခဲ့ရင် ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့ အနာတွေပါ
ယင်းနေတဲ့ အနာတွေပါ။

(ကြည်မောင်သန်း)

[center]

Admin
Admin

Posts : 28
Join date : 2009-11-19

https://badboy007.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum